နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ဝါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။

“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ