ထိုသောညမှာ နှင်းပြာအုပ်မိုး
အိပ်မက်ခိုးမျှင် သခင်ဖြစ်၏။

ကြယ်စက်ညတွေ ပန်ရင်းကြွေသက်
မျက်ရည်ဝိုဝင်း အိပ်မက်လင်းပြာ
ငါ နမ်းမွှေးရှိုက် ရင်ကိုစိုက်၏။

ငါ … ချစ်မိသည်
ငါ ချစ်မိသည်
ယုံကြည်ကြွေကွဲ ခိုတွဲကိုင်းညွတ်
ပွင့်ဦးဆွတ်ပျံ့ စံပယ်နံ့အေး
အဝေးစကား နှုတ်ဖျားထုံကျဥ်
သခင် .. သိပါ။

ထိုသို့ဖြင့်
ငါနှင့်ကြယ်တို့ ညမြို့ရိုးထက်
သွေးပျက်သီချင်း ဆိုညင်းဖွဲ့ဝေ
ကြွေခဲ့ကြသည်။

သြော် ထိုသို့ဖြင့်
ငါနှင့်သခင် ရာဇဝင်ပန်း
လွမ်းမှိုင်းဝေရီ ရွှေလက်ဖဝါး
ပါးပြင်ထိအပ် ခုံမင်တတ်လည်း
ရေးမှတ်မိရုံ ဝတ်မှုန်မြေဆွေး
ဝေးသွားခဲ့လျှင် … ဝေး သွား ခဲ့ လျှင် …။

“ပန်းခေတ်ကလမင်း မှ”