ပန်းခေတ်ကလမင်း မှ
ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်။
သွားနှင့်ကြပါ။
ဟိုးမှာ ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေ ဒူးထောက်လဲကျနေတဲ့လူ
သူ့ကို ကူပါရစေဦး။
ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်။
တစ်နေ့တော့ တွေ့ကြမယ်။
နှစ်ဖက်သွား ဓားတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလည်း ငါ မှေးအိပ်ခဲ့ပြီးပြီ။
အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းနှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ်။
ချစ်သူကလေးရေ
မြို့တံခါးကိုဖွင့်
မီးအိမ်တို့နှင့် အတူကြိုပါ
လရောင်စက်တဝေဝေနဲ့
သင့်ရဲ့ နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ကြယ်ကို
ခူးယူလာမှာပေ့ါကွယ်။
“ပန်းခေတ်ကလမင်း မှ”