ကိုယ်ရေးကိုယ်တာ စာမေးပွဲ
အဲဒီစာအုပ်က
သူ့ကိုယ်သူကဒ်ထူအင်္ကျီၤနဲ့ပြန်ချုပ်တယ်
အဘိဓာန် နည်းနည်းလုပ်မလို့..တဲ့။
စီးကရက်ကပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့ ..တဲ့
(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)
ဖိနပ်က
လှေကားခြေရင်းမှာ ရပ်တယ်
သူ့အမေက
အလှူအိမ်တွေဖက် မသွားဖို့ မှာလိုက်တယ်။
တီ… တီ… တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ။
ဂေါက်သီးရိုက်တံကလည်း
မြေကြီး ထရံမှာ သူ့ကိုချိတ်ထားလိုက်ပါတဲ့
“ ကျင်း” တွေကို နာခံရတာ “ကျဉ်း ” တယ်ဆိုပဲ ..
ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ။
အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ
ဆင်မ ယဉ်သာ…။
တာရာမင်းဝေ