ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာၤအဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် (၃၀) ကျော်ချိန်မှာ တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ် ..
ဘယ်လို နှင်းရာသီမျိုးကျမှ .. မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင် နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို ငါ .. အော်ခေါ်နေမိတယ်။

တချို့အလွမ်းတွေက တော်ရုံတန်ရုံ ဒိုရေမီဖာနဲ့ မရဘူး
တခြားကဗျာဆရာတွေလိုလည်း ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုကိုယ် မိုးကလေးညိုလိုက်ပြီး ပြန်ဆင်ခြင်တယ် ..
သေချာတယ် ကောင်မလေးရယ် ..ခိုက်ခိုက်တုန်အောင် လွမ်းတယ်…။

အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ ပြားလျားပြီး လာရပ်မနေဘူး
တကယ်တော့ ဘာမှမရှိဘူး .. ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ .. ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်းနစ်မြုပ်ဖို့
(မှတ်မှတ်ရရကြီး ..) ဖေဖော်ဝါရီ ၂၉ ကို ငါ့ ဓားကောက်နဲ့ ထစ်လိုက်တယ်…။

တာရာမင်းဝေ