ပြုစားခဲ့သူ
မနေ့ကမှ ကိုယ့်ကိုယ်ကိုငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ဝူးဝူးဝါးဝါး နဲ့ လူအဖြစ် ပွင့်ခဲ့ရတာပါ။
တကယ်ဆို ကဗျာဟာ အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ ။
တစ်ရံတစ်ခါလေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တော်မကွေ့ကောက်ခဲ့ပါဘူး။
ကျွန်တော်နဲ့သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်းဆိုကြ
အော် .. တစ်ခုတော့ရှိတယ်
ကျွန်တော်မပါပဲလည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကိုပြောဖို့ ကျန်ခဲ့တယ်။
တာရာမင်းဝေ