သုံးဆယ်ကျော်တာတောင် မလိမ္မာဘူး
ဒီအရွယ်ကြီးရောက်မှ စိတ်ထဲက စာမေးပွဲကျတယ်
ညီမလေးရယ် ငါ့ကိုရိုက်ပါ။

နီကိုရဲ၊ ထွန်းဝေမြင့်.. စသဖြင့်ပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ။

ကိုယ်ကိုကိုယ် တစ်ခန်းလုံးမီးဖွင့်ပြီး
ကပိုကရို ပွင့်လိုက်တယ်…
ညီမလေးရယ် စိတ်ထဲက စာမေးပွဲ ကျတယ်။

တကယ်တော့လည်း
‘လောကဓံ’ဆိုတာ ကိုယ်ခံစားမှဖြစ်တဲ့အရာပါ
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပို’ဝါ’တယ်။

ဟော
ကိုရင်တစ်ပါးက တုန်းမောင်းခေါက်သံ လက်ဆောင်ပါးတယ်။
မကြာခင် ၆ နာရီနေဝန်း ဆိုက်ရောက်လာတော့မှာပါတဲ့။

ညီမလေးရေ…
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ့်ဖိနပ်လေးနဲ့ပဲ ကိုယ်သွားကြမယ်။
အဝေးကြီးကို ရွှေလျားချင်တော့မှတော့
လမ်းတို့ရဲ့အလျားကိုလည်း ရင်ဆိုင်ရဲရမှာပေ့ါ။

“ဟန်သစ်မဂ္ဂဇင်း” မှ