ယေဘုယျဝိညာဥ်
င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ။
ငါက ..
တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ။
ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်။
ငါက … သာမညလူ။
ငါက … ယေဘုယျလူ။
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ။
ဘယ်သူကမှ မသိဘူး ဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ်။