ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ဝင်တိုက်တယ်။

အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။

အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။

လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။

“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ