ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား…။

နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။

အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။

ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။

မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။

“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ