ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ
နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ . . .
ဒီ လကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။
တချို့လူတွေက
ဘဝမှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက . . .
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
``သွားတော့မယ်နော် . . .
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့´´လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျော်စရစ်ခဲတွေ အပြိုင်းအရိုင်းလွင့်ကြဲနေတယ်။
(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ဝိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖန်ခါဟာ နာမည်ဆိုးမရှိပါဘူး။
ဒါပေမယ့် . . .
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။
ဒီည . . .
နောက်ည . . .
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။
``ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာထက်၌´´
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ အက် ကြေ ကွဲ . . .
မင်နီတွေနဲ့ `ရဲ´လို့ပေါ့ကွယ်။
တာရာမင်းဝေ