သစ္စာတရားရှာဖို့ မီးအိမ်တစ်လုံးနှင့်
(၁)
အရှင်…
သင်၏ခေါ်ရာ
ထပ်ချပ်…ငါ…လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို…ထူပါ။
ဟိုးမှာ…
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။
ဒီမှာ…
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ…ဘာတွေ တွေးပြီနည်း။
စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့စွမ်းမလဲကွယ်။
အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။
ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။
အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ…ရောက်အောင်သွားပါမည်လေ…။
(၂)
နွေ…နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။
ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော … နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။
သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။
ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။
သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။
ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျှော်စရာမှမဟုတ်ပဲကွယ်။
၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား…ဆွဲခေါ်
ငါ… မမွေ့ပျှော်တော့ပါပြီ အရှင်။
(၃)
ငါသည်…တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။
မိုး၏အမြင့်ကိုမသိ…ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား…
မြေ၏အနက်မှာပင် ေ၀ဝါးဆဲ။
စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။
ထိုသော… မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ဝင်ရောက်ပျောက်ကွယ်ခဲ့ပြီ။
ဤယနေ့ … ငါ … သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။
ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
(၄)
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။
ငါတို့သည်…လူသားများဖြစ်၏
လက်ဖဝါးမှာ
အမှားလက္ခဏာပါလေသည်။
ဟိုချိုး … သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။
အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။
အို … ``လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။
သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။
နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။
(၅)
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။
စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။
ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။
ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။
အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။
ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ … ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။
ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။
(၆)
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။
လက်သီးဆုပ်ခြင်း … ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။
ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်
တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို … ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။
ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖဝါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် …။
(၇)
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ … နိမ့်ဝင်သွားတတ်၏။)
ကြက်ခြေခတ် … ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။
ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။
ထို့နောက် …
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် …
လူချင်းလဲကြပြန်၏။
အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။
သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။
သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။
(၈)
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။
ရှင်သေမင်းက
အစွယ်တဝင်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။
ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှေက်
ခြောက်ခြားဖူးသည်။
တုန်ကောက်မရှိသူ … နှင့်
ချိုင်းထောက်မရှိသူ …
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။
တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးလိုပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။
မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။
ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ … ထားခဲ့ချင်ပါပြီလေ။
(၉)
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။
ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။
ဘုရားပြောတာကိုမှ
ငါ… မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ… ယုံရတော့မည်လော။
အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး …နီး …နီး၍လာခဲ့ပြီ။
မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။
တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ …
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။
စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို … အရှင် …
မြေမှထသော ငါ့ကိုမြင်ပါ။
(၁၀)
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။
လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖြစ်သင့်သည်။
အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။
အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ဝင်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။
ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ … ကြားနေရ၏။
လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။
ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံံ့။
ထိုသူတို့နောက်
ငါ တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ … မြတ်သော ငါ့ …အရှင်။ ။
(ဗုဒ္ဓ … သို့)