(၁)
စမ်းရေပေါ်မှာတင်ပြီး စက္ကူလှေတို့ကို
နေ့စဉ်ရက်ဆက် ကျွန်တော်မျှောခဲ့ပါသည်။
ကျွန်တော့်အမည်နှင့် ကျွန်တော်ကျေးရွာကိုလည်း
စက္ကူလှေပေါ်မှာ စာလုံးနက်နက်ဖြင့် ရေးခဲ့သည်။
တစ်ကျွန်းသား၊ တစ်ပြည်သားတို့သည်
ထိုသို့ဖြင့်
ကျွန်တော့်ကို သိလာကြလိမ့်မည်ဟု မျှော်လင့်၏။
ခြံမှာပွင့်သည် ဆိတ်ဖလူးပန်းတို့ကိုလည်း
လှေငယ်ပေါ်မှာဆင့်တင် မျှောလွှတ်ခဲ့၏။
အရုဏ်ဦးမှာပွင့်သော ထိုပန်းတို့သည်
ညဉ့်အချိန်မှာတော့ ကမ်းကို ဆိုက်ရောက်လိမ့်မည်ဟု
ကျွန်တော်ထင်သည်။
ကောင်းကင်သို့ ဦးမော့ကြည့်သောအခါ
ဖြူဆွတ် ရွေ့မျောနေသော တိမ်ရွက်များကို
ကျွန်တော်မြင်၏။
ကျွန်တော်နှင့်ပြိုင်ရန် ကျွန်တော့် စက္ကူလှေများနှင့်ပြိုင်ရန်
ကစားဖော်တစ်ဦးဦးက
သူတို့ကို လွှတ်တင်လိုက်ခြင်းဖြစ်မည်။
မည်သူမှန်းတော့ ကျွန်တော်မသိချေ။
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာ
ကျွန်တော့်လှေတို့သည် လွင့်မျှောလှပနေလိမ့်မည်။
ထိုသို့ပင် အတွေးနှင့် အိပ်ယာဝင်ဖြစ်သည်။
အိပ်မွေ့ချတတ်သော နတ်သမီးကလည်း
အိပ်မက်ခြင်းတောင်းကြီးများကို ပိုးကာ
ကျွန်တော့်လှေများနှင့်အတူ
ရွက်လွှင့်နေဦးမည်ဖြစ်သည်။

(၂)
ကျွန်တော်နှင့် တရွေ့ရွေ့နီးကပ်ရာသို့
မည်သည့်အချိန်မှ စတင်ပြီး သူ လာခဲ့ပါသနည်း။
ကျွန်တော် မသိခဲ့ချေ။
နေဝန်းနှင့် ကြယ်ရှုးကြယ်ပျောက်များကလည်း
သူ့ကို ကျွန်တော်မမြင်အောင် သိုဝှက်နိုင်ခြင်းမရှိခဲ့။
နံနက်ဦးပေါင်းများစွာ၊ ညနေရီပေါင်းများစွာ
သူ့ခြေသံကို ကျွန်တော်ကြားနေရသည်။
ကျွန်တော့် နှလုံးအိမ်ထဲသို့
သူ့စေတမန် ဝင်ရောက်လာ၏။
ထို့နောက် ကျွန်တော့်ကို
တိတ်တိတ်ကလေး ခေါ်လေသည်။
ထိုသောနေ့မှာမှ အဘယ့်ကြောင့်
ကျွန်တော့်ဘဝသည်
လှုပ်လှုပ်ယိမ်းယိမ်း ဖြစ်ရပါသနည်း။
ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း
အဘယ့်ကြောင့် ကျွန်တော့်နှလုံးအိမ်ကို
ဖြတ်ဖောက် စီးဆင်းသွားပါသနည်း။
ကျွန်တော်မသိချေ။
အိမ်ပြန်ရမည့် အချိန်မှာပင်လျှင်
လေမှာစီးပျံ့သော ချစ်သူရနံ့ကို သန့်သန့်ကလေး
ရနေလေတော့၏။

(၃)
သူ့အမွှေးရနံ့နှင့်သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျွန်တော်လည်း ပြေးလွှားနေမိ၏။
ထိုညသည် မေလ ညတစ်ညဖြစ်၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျွန်တော် လမ်းပျောက်သွားတော့သည်။
ကျွန်တော်သည်
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
ကျွန်တော် တစ်ကိုယ်ရေ နှလုံးသားနိမိတ်ပုံများသည်
မြူးတူးခုန်ပါက်နေကြ၏
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျွန်တော် ကြိုးစားသော်လည်း
လွတ်ချော် ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျွန်တော်သည် မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။

(၄)
ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော်တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ နှလုံးအိမ်ကို ရုန်းကစေမည်ဆိုလျှင်
ကျွန်တော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။
ကျွန်တော်ရှိနေသည့် အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော် လျှောက်ပါမည်။
ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက် ဖြစ်ရသည်ဆိုလျှင်
သူ ပန်းတောမှ ဝေးရာသို့
ကျွန်တော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ ရေပြင်အလျင်ကို လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျင်
သူ ကမ်းခြေမှ
ကျွန်တော့် လှော်တက်ကို လွှတ်ချလိုက်ပါမည်။

(၅)
မီးအိမ်ကားငြိမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ပြင်းရှစွာတိုက်ခတ်နေသောလေမှ
လူးလွန့်လွတ်မြောက်နိုင်ရန်အတွက် ဝတ်ရုံကိုဖြန့်ပြီး
သူ့အတွက်
ကျွန်တော် ကွယ်ကာ ပေးခဲ့သည်။
ထို့ကြောင့်ပင်လျင်
မီးအိမ်ကားငြိမ်းခဲ့ရ၏။
မုံပန်းကား နွမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ကျွန်တော် နှလုံးအိမ်အတွင်းမှာ
ချစ်မြတ်စွာ သူ့ကို
ဖိကပ် သိမ်းဆည်းထားခဲ့၏။
ထို့ကြောင့်ပင်လျင်
မုံပန်းကား နွမ်းခဲ့သည်။
စမ်းရေကား ခမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
သူ့ရေစီးကြောင်းကို ဖြတ်တောက်ကာ
ကျွန်တော့်အတွက် ရေကာတာ တစ်ခုတည်ဆောက်ခဲ့၏။
ထို့ကြောင့်ပင်လျင်
စမ်းရေကား ခမ်းခဲ့သည်။
စောင်းကြိုးကား ပြတ်ခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ဤစောင်းကား မတတ်မြောက်သော ဂီတကို
ကျွန်တော့်အတွက် ဆွတ်ယူခြွေချခဲ့ပါ၏။
ထို့ကြောင့်ပင်လျင်
စောင်းကြိုးကား ပြတ်ခဲ့သည်။

(၆)
ကျွန်တော် ရွက်လွှင့်ထွက်ခွာရတော့မည်။
ကြေကွဲ လှိုက်မောဘွယ်ရာ ကာလများသည်
ကုန်းမြေပေါ်မှာ ပဲ့ကြွေကျန်ရစ်ခဲ့ပြီ။
နွေဦးရာသီသည် ပန်းတို့ကိုပွင့်အောင်
ဖွင့်ပေးခဲ့သည်။
ယခုကား အနားယူလေပြီ။
ကျွန်တော့်မှာသာ ရင့်ရော်သော ပန်းတစ်ဆုပ်နှင့်
အိမ်မပြန်နိုင် ဖြစ်ရသည်။
လှိုင်းတွေက ညိုးညံရိုက်ဟီးလေပြီ။
ကမ်းပါးကို သွယ်ပတ်ထားသည့်
သစ်ရိပ်ဝေေ၀ လမ်းကလေးတွင်လည်း
ရော်ရွက်တို့ ပြုတ်ကျလာပြီ။
မိတ်ဆွေဘာကြောင့် ငေးငိုင်နေပါသနည်း။
သင့်အကြည့်တို့က ဘယ်ဆီမှာ စိုက်ဝင်နေသနည်း။
ကမ်းတစ်ဖက်ဆီမှမျောလာသောအဝေးတေးသံနှင့်
လေထုမှာ စိုးဆွတ်ပါဝင်လာသည့်ရင်ခုန်သံကို
သင်…
မခံစားရလေသလော…

(၇)
နေဝင်တော့မည်။
အရိပ်တို့လည်း မြေဆီမှာ ညွတ်တွားကြပြီ။
ချောင်းသို့သွား၍ ခရားတွင် ရေဖြည့်ရန်
ကျွန်တော့်အတွက်တော့ အချိန်တန်ပြီ။
ညနေခင်းလေသည်
ချောင်းရေ ဂီတမှုန်ရီကို ခုံမင်နေ၏။
ကျွန်တော့်ကို
နေ ရွှေခြည်မျှင်ထဲသို့ တိုးဝင်ရန် ခေါ်နေ၏။
တိတ်ဆိတ်သောလမ်းမှာ
လာသူ သွားသူတို့ မရှိကြချေ။
လေထန်၏။
မြစ်ထဲမှာ လှိုင်းတွေ ဝေ့လိပ်ချီကြွနေ၏။
အိမ်သို့ ပြန်နိုင်ပါမည်လော။
မည်သူနှင့် ဆုံတွေ့ခွင့် ရနိုင်မည်ကိုလည်း
ကျွန်တော်မသိ။
ရေတိမ်ဆိပ်မှ လှေငယ်တစ်စင်းပေါ်မှာ
အမည်မသိသူ တစ်ယောက်က
ပုလွေသံကို ပေးနေလေသည်။

(၈)
ဦးညွှတ်ကာ
အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါသည်။
ညီအစ်ကိုတို့
ကျွန်တော့်အားလည်း မေတ္တာပို့ကြပါလေ။
ဟောဒီမှာ
ကျွန်တော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
ပိုင်ဆိုင်ရာအားလုံးကိုလည်း စွန့်ခဲ့ပါပြီ။
ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
သင်တို့ထံမှ တောင်းဆိုလိုပါသည်။
ကျွန်တော်တို့သည် အိမ်နီးချင်းများအဖြစ်
နှစ်ပေါင်းကြာခဲ့၏။
ကျွန်တော်ကားအပေးထက်၊ အယူများခဲ့သည်။
နံနက်ခင်း အလင်းသည်
ကျွန်တော်ထွန်းသော အမှောင်ထောင့်ချိုးမှ
မီးအိမ်ကို ငြိမ်းစေ၏။
ခေါ်သံကို ကြားရလေပြီ။
ကျွန်တော်သည်လည်း
သွားရန် အသင့်ဖြစ်ချေပြီ။

(၉)
အိုဘုရားသခင်
စိတ်အာရုံအစဉ်တို့၌ စီးဝင်ကာ
လောကကို သင့် ခြေတော်ရင်းမှာ
ထိတွေ့ရပါလို၏။
ကျွန်တော် ဦးနှိမ်ချပါ၏။

အိုဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို ကျွန်တော့်စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခို ရပါလို၏
ကျွန်တော်ဦးနှိမ်ချပါ၏။

အိုဘုရားသခင်
ကျွန်တော်
ဂီတရစ်သမ်အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစုသွယ်ဆက်ကာ တိတ်ဆိတ်သောပင်လယ်မှာ
စီးပျော် ဝင်ရောက်ရပါလို၏။
ကျွန်တော်ဦးနှိမ်ချပါ၏။

အိုဘုရားသခင်
တောင်ပေါ်မှာ
မိမိ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်းလိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျွန်တော့်ဘဝသည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏
ကျွန်တော် ဦးနှိမ်ချပါ၏။
ကျွန်တော် … ဦးနှိမ်ချပါ၏။