ခေါင်းလောင်းသံစာတမ်း
(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့ကို ကျွန်တော်သတိရလိုက်တာ
ညဉ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်။
လောကအတုမှာ လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု ဘယ်မှာလဲ
ဘယ်မှာလဲ။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တဝင်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ။
(၂)
ကျွန်တော်မှတ်မိသမျှ
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့
သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ
သူ့ကိုယ်သူဖြန့်ခင်းပြီး ကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ်။
မုသားတစ်လွှာ မာယာတစ်ထပ်၊ဝတ်ရည်တစ်စက်နဲ့
အို ခတ္တာရေ
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ ကိုယ်တိုင်က
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်။
“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။
(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး
လူက လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ။
ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်။
နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖဝါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်။
(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တဝင်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်။
ငယ်ငယ်တည်းက
“ဝ”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး။
မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်။
မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်။
ကျွန်တော့်မေမေဟာ
သူများမေမေတွေထက် နို့ရည်ပိုမထွက်ပါဘူး
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ။
(၅)
ဖုန်မှုန့်ပျံ့စင်
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု လင်းနို့တွေအောင်းနေပြီမေမေ။
လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့။
စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ ရထားတစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်။
မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်။
“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်း အိပ်ပုပ်ကြီးတယ်
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်။
ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့။
(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ ၤမှာကြယ်သီးတစ်လုံးလိုနေပြီ မေမေ။
ငယ်ငယ်ကတည်းက
မေမေကခံတပ်လုပ်၊ ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေဝေဆာဆာ ဓါးချင်းခုတ်ဖူးတယ်။
ကျွန်တော့်ဘဝတောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ
ကျွန်တော့်ဘက်မှာရပ်တည်၊ ကာကွယ်၊ တိုက်ခိုက်
သူမကိုတော့ မြားအစင်းစင်းစိုက်ခဲ့တယ်။
ကျွန်တော့်ကိုအလိုလိုက် ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်း ကျွန်တော်မငို မေမေပဲငို။
မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့် တဲ့။
(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်
ကျွန်တော့်ကိုမေမေက
ပညာလှလှတတ်စေချင်တာ အသေအချာပေါ့။
ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ။
ကျွန်တော်ကလူပျင်း
သစ်ပင်ခြေရင်းမှာရပ်လိုက်၊ သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ။
တစတစ
လူငယ်သီချင်း၊ နှင်းဆီဓားသွား၊ ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ
အိပ်မက်တွေအမြှောင်းမြှောင်းထ
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်။
(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊ အိပ်မက်ကိုစောင်လိုခြုံဆဲ
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်။
ကျွန်တော်
မပျော်လေလွင့်၊ ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ။
မေမေဟာ
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို မီးအိမ်ကိုင်ပြီးစောင့်နေတယ်။
နာကြည်းပင့်သက်၊ အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား သားကိုယ်စား မျက်ရည်မဲ့စွာငို။
သား
ဘဝဆိုတာရေစီးထဲကဗေဒါ မရေရာဘူးကွဲ့
ဒါပေမယ့်
မျှော်လင့်ချက်ရဲ့ အရုပ်များ၊ အရောင်များ၊ အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား
ဝိညာဉ်ရုန်းကန်တစ်နေ့မှာ သူတို့ပြန်ရှင်သန်လိမ့်မယ်။
မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း တစ်စက်ချင်း တစ်စက်ချင်း ချိုစေခဲ့။
(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေဝေ
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့ ရေကိုလည်းကျွန်တော်နမ်းခဲ့။
မေမေဟာ
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်။
မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ ချည်မျှင်ကြမ်းကြမ်း
ကျွန်တော် လမ်းမှာဝတ်ရန်။
နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ။
မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ။
(၁၀)
သား
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့
မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ် (ဖိနပ်လည်းအခါခါပေါက်ခဲ့)
ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား၊ အမှားများလည်းချင်းချင်းနီ။
ဧရာဝတီမေမေ၊ ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊ နံနက်ခင်းကြေးရုပ်ဟာမေမေ။
ခု မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ နီလဲ့
လူတဆုံး ဝိညာဉ်တဆုံး၊ အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”
(၁၁)
မေမေဟာ နာရီသံနဲ့အိပ်၊ နာရီသံနဲ့နိုး
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်။
မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ ပွင့်အိုလေးပမာ၊ ဝါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်။
သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်။
လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်)
(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ။
မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ အဝေးမှာ
ကျွန်တော်က ဟိုး အဝေးကြီးမှာ။
ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊ လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ။
အမေ့ရဲ့ခြေလို၊ လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့။
အမှားလက္ခဏာ၊ အမှန်လက္ခဏာ၊ ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ ကောင်းရာဘုံသို့ရောက်ပါစေ။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း)
(၁၃)
နောင် နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊ ဝတ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊ လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ
အဲဒီလူဟာ သားပဲပေါ့မေမေ
ဘယ်သံသရာမှာပြန်ရှာရင် မေမေ့ကိုတွေ့နိုင်မလဲ
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်။
အမေ့ကိုယ်စား
အမေ့ကိုယ်ပွား
ကြယ်စင်များကိုလက်ဖဝါးနဲ့ပန်၊ မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အဝါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်။
ကျွန်တော်
မေမေ
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊ မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ တစ်ပုဒ်ပြီးဆုံးသွားပါပြီ။
မေမေ
ကောင်းရာသုဂတိလားပါစေ
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..