အမှတ်တရများ
တာရာမင်းဝေအမှတ်တရများကို ဆက်လက်စုစည်းဖော်ပြသွားပါမည်။
တာရာမင်းဝေသို့ အလွမ်း - အောင်ဒင်
ညီလေး
သြဂုတ်စ်ရဲ့ မိုးရေစက်တွေထဲ
မင်းကတော့ ခွဲခွာသွားခဲ့ပြီ
မှုန်မှိုင်းအေးစက်တဲ့ ကောင်းကင်မှာ
ပြိုင်မြင်းတကောင်ရဲ့ ခွာသံတွေဟာ
ပဲ့တင်ထပ် ကျန်ရစ်ခဲ့…။
ညီလေး
မင်းချစ်တဲ့ ဘဝကို
မင်းအများကြီး ပြန်ပေးဆပ်ခဲ့
မင်းချစ်တဲ့ လူ့လောကကို
မင်းအနွေးထွေးဆုံး ရှိုက်နမ်းခဲ့
ဒဏ်ရာတွေအပြည့်နဲ့ မင်းရဲ့နှလုံးသားက
သွေးစက်စက်ကျ၊ ငိုညည်းနေတာတောင်…မှ။
အနုပညာနဲ့ နိုင်ငံရေး
ဘဝနှစ်ခုစာ မွေးဖွား
ဘဝနှစ်ခုမှာ ကြီးပြင်း
ဘဝနှစ်ခုစလုံးကို ပခုံးပေါ်မှာထမ်း
တတ်စွမ်းသမျှ မင်းတာဝန်ယူခဲ့တာ
အင်းစိန်ထောင်ကြီး သိပါတယ်…
သရက်ထောင်ကြီး သိပါတယ်…
သာယာဝတီထောင်ကြီး သိပါတယ်…
‘အာလူးစားသူများ’ … သိပါတယ်… ကွယ်…။
ကံကြမ္မာကို မယုံရဲခဲ့ပေမယ့်
တိုးတိုးလေး ဆုတောင်းခဲ့ဖူးပါရဲ့
“တစ်နေ့တော့ ပြန်ဆုံတွေ့ကြမယ်…” လို့
ခုတော့လည်း
ဒီကံကြမ္မာကပဲ
ငါတို့ကို ရက်ရက်စက်စက်… ခွဲ…
သွားနှင့်ကွယ်
ဘဝဆိုတာ တိုတိုလေး… လို့
မင်း သက်သေပြခဲ့ပြီ
အဲဒီ… ဘဝတိုတိုလေးကိုပဲ
အနက်ရှိုင်းဆုံး ချစ်မက်ကြဖို့
အမြင့်မားဆုံး ပေးဆပ်ကြဖို့
အတောက်ပဆုံး တွယ်ဖက်ရဲကြဖို့
အရိုးသားဆုံး ကြေကြွတတ်ကြဖို့
မင်း… ငါတို့ကို သင်ပြခဲ့ပြီပဲ…။
“သြဂုတ်လ ၁၀၊ ၂၀၀၇”
ကြယ်ကြွေ သတို့သား - မင်းကိုနိုင်
သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီ။
သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံကို ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။
သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တနေ့
ငါတို့ … … … ။ ။
” ၂၀၀၇ သြဂုတ်လ ၇ ရက်နေ့က တာရာမင်းဝေရဲ့ စျာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ရွတ်ဆိုတဲ့ ကဗျာ “
ထာဝရ အိပ်ပျော်သွားတဲ့ ကြယ် - ခေလွန်း
ကြယ်တပွင့်
လွင့်ထွက်ကြွေခိုက်
ပင့်သက်တွေ ရှိုက်ရပြန်တယ်…။
‘မပွင့်ဘဲ ဖူးခဲ့ရတဲ့ကောင်မို့ မှောင်တယ်’ တဲ့
အခုတော့ ခင်ဗျား
အလင်းတွေကြား ထွက်သွားခဲ့ပြီ။
‘တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်တဲ့ကောင်’ တဲ့
အခုတော့ ခင်ဗျား
ပြန်ထူးစရာမလိုအောင် ထွက်သွားခဲ့ပြီ။
‘ငါ့မှတယောက်တည်း ဖြစ်နေရတဲ့အထဲ
ဝေါကနဲ ပျောက်ဆုံးလိုက်ရ’ တဲ့
အခုတော့ ခင်ဗျား
အငွေ့တွေကြား ပျောက်ကွယ်သွားခဲ့ပြီ။
‘လောကမာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ ဂီတပါပဲ’ တဲ့
အခုတော့ ခင်ဗျား
ဗုံသံတွေမကြားတဲ့အရပ်ဆီ ထွက်သွားခဲ့ပြီ။
‘ယုံကြည်ထားစမ်း ရေခိုးရေငွေ့တွေကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်ရမယ်ဆိုတာ’ တဲ့
အခုတော့ ခင်ဗျား
ပင်လယ်ကို စိုက်ပျိုးပြပြီး ထွက်သွားခဲ့ပြီ။
‘မေမေရ… မိုးတိမ်တွေထဲ ခြေပစ်လက်ပစ်
သား ဝင်အိပ်ပစ်လိုက်ချင်ရဲ့’ တဲ့
အခုတော့ ခင်ဗျား
ခြေပစ်လက်ပစ်အိပ်နေပုံများ
ကျနော်တို့ခေါ်တာတောင် မကြားတော့ဘူး။
ခေလွန်း
လုလင်ကြယ် - အောင်ဝေး
တာ ဝန်ကျေခဲ့တဲ့ ၈၈ ခွပ်ဒေါင်း
ရာ သက်ပန် အကြမ်းမဖက် တော်လှန်ရေးသမား
မင်း ဆိုးမင်းညစ်ကို ပုန်ကန်ခြားနားသူ
ဝေ ဖူးလာမယ့် ပန်းသစ်တွေ မျိုးစေ့ချခဲ့လေတယ်။ ။
“ဇူလိုင် ၁၈၊ ၂၀၀၉”
အဝေးက ပန်ချီကား - မောင်အိုး
ကျနော်ကြည့်လေ့ရှိတဲ့
ပန်းချီကားတွေရှိတယ်။
တချို့က အနီးကပ် ပန်းချီကားတွေ။
တချို့က အဝေးက ပန်းချီကားတွေ။
ကိုရွှေဘုန်းလူဟာ
ကျနော်ကြည့်လေ့ရှိတဲ့
ကျနော်ရဲ့ အဝေးက ပန်းချီကားတချပ်ပေါ့။
သူ့ကို
သူ့အကိုကြီးလောက်
သူ့မိဘတွေလောက်
ကျနော် မရင်းနှီးခဲ့။
ကျနော့်ရဲ့ အဝေးက ပန်းချီကား။
သူ့ကို
ကဗျာဆရာလေး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လေးအဖြစ် သိခဲ့
ကျနော့်ရဲ့ အဝေးက ပန်းချီကား။
၈၈ အရေးတော်ပုံကြီး မဖြစ်ခင်ကတည်းက
သူတို့ညီအကိုရဲ့ ကဗျာတွေ
လက်ရေးမူတွေ ဖတ်ခဲ့ရ။
အရေးတော်ပုံသွေးတွေကို
ထုံးတွေနဲ့ သုတ်တဲ့ကာလတွေမှာ
သူ့ကဗျာတွေက ပိုလို့တောက်ပခဲ့။
မိစ္ဆာတွေ ကျောင်းဖွင့်ချိန်
ဂုဏ်တုဂုဏ်ပြိုင်ပြဇာတ် သွားကြည့်ကြမယ့်
ဖောက်ပြန်သူတချို့ကို သရော်ထားတဲ့
သူ့ရဲ့ကျောင်းဖွင့်ချိန် ကဗျာ
ကျောင်းသားတွေကြား ကျော်ကြားခဲ့
ရွှေဘုန်းလူဆိုတာ
တော်လှန်တဲ့ မော်ဒန်ကဗျာဆရာဖြစ်ခဲ့ပြီ
ကျနော့်ရဲ့ အဝေးက ပန်းချီကား။
၈၉ မတ်လထဲ
သူ့အကိုကြီး အဖမ်းခံရပြီးနောက်ပိုင်း
သာမန်ကျောင်းသား မဟုတ်တဲ့သူ
ရန် ငါ စည်းပြတ်တဲ့သူ
ဗကသ၊ ရကသ အစည်းဝေးတွေမှာ
ကျောင်းသားခေါင်းဆောင်လေးအဖြစ် တာဝန်ကျေခဲ့
ကျနော့်ရဲ့ အဝေးက ပန်းချီကား။
တော်လှန်တဲ့ မော်ဒန်ကဗျာဆရာ
ရှစ်လေးလုံး မျိုးဆက်ကျောင်းသား ခေါင်းဆောင်လေး
ရွှေဘုန်းလူဆိုတာ အောင်ဒင်ရဲ့ညီပေါ့။
သူ့အဖေက နိုင်ငံရေးသမားဟောင်းကြီး
သားတွေကလည်း မပြောင်းလဲတဲ့စိတ်ထားနဲ့
၈၈ မျိုးဆက်ကျောင်းသားတွေအဖြစ်
စစ်အာဏာရှင်ကို တော်လှန်ခဲ့
ကျနော့်ရဲ့ အဝေးက ပန်းချီကား။
အဲ့ဒီပန်းချီကားက
ရေကြည်အိုင်မှသည်
အင်းစိန်၊ သရက်၊ သာယာဝတီထောင်တွေအထိ ကျော်ကြားခဲ့ပေါ့။
ကျနော့်ရဲ့ အဝေးက ပန်းချီကားကို
၉၁ ခုနှစ်မှာ
အင်းစိန်ထောင်မှာ ထောင်ဝါဒါတွေကိုစိန်ခေါ်လို့
ဆန္ဒပြလို့ဆိုပြီး
ထောင်အာဏာပါးကွက်သားတွေက
သာယာဝတီထောင် သီးသန့်တိုက်ထဲကို
ပြောင်းရွှေ့ခဲ့။
ဆရာစံပန်းချီကားချပ်ကြီးရှိတဲ့
သာယာဝတီထောင် စျေးတိုက် တိုက်ခန်းနဲ့ကပ်လျက်မှာ
ကျနော့်ရဲ့ အဝေးက ပန်းချီကား ရောက်နေတာသိပေမယ့်
ကျနော်သွားကြည့်ခွင့်မရှိခဲ့။
ဒီလိုနဲ့
၉၂ မှာ ကျနော် ထောင်ကလွတ်ချိန်အထိ
ကျနော့်အဝေးက ပန်းချီကားနဲ့ မဆုံဖြစ်လိုက်ကြ
အဲ့ဒီနောက် ကျနော့်ပန်းချီကားကို
သရက်ထောင် ထပ်ပြောင်းရွှေ့လိုက်တယ်လို့
ကြားသိခဲ့ရ။
ဒေါင်းအလံကိုင်စွဲ
ထောင်ထဲဝင်သွားတဲ့
ကျနော့် အဝေးက ပန်းချီကား။
၉၄ခုနှစ်မှာ
ကလောင်တံ ကိုင်စွဲပြီး ပြန်ထွက်ခဲ့။
မကြာခင် တာရာမင်းဝေဆိုတဲ့
မော်ဒန်စာရေးဆရာလေးအဖြစ်
ကျော်ကြားလာခဲ့
ကျနော့်ရဲ့ အဝေးက ပန်းချီကား။
သူ့ကလောင်လက်နက်နဲ့
စစ်အာဏာရူးတွေကို နိမိတ်ပုံပြု တိုက်ခိုက်ခဲ့။
သူ့ရဲ့အောင်မြင်ခြင်းတွေနဲ့အတူ
မနော်ဟရီ ဆိုတဲ့ ကဗျာဆရာမလေးတယောက်နဲ့လက်ထက်ခဲ့
သူ့ရဲ့ဘဝမှာ အပျော်ဆုံးကာလများပေါ့။
၂၀၀၂ ခုနှစ် ကျနော် ပြည်ပရောက်ချိန်
ကျနော့် အဝေးက ပန်းချီကားကို
သတိရမိခဲ့။
ဒါပေမယ့်
အမိမြေကို မပစ်
ပြည်ပမြေကို မချစ်တဲ့ သူ့အတွက်
သူ့အောင်မြင်မှုတွေက
သူနဲ့ နီးကပ်စွာရှိနေခဲ့
ကျနော့် အဝေးက ပန်းချီကား။
တော်လှန်တဲ့ မော်ဒန်ကဗျာဆရာလေး
ကျောင်းသားခေါင်းဆောင်လေး
မော်ဒန်ဝတ္ထုရေးဆရာလေး
ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာလေး
သူ့အောင်မြင်မှု မှတ်တိုင်တွေ
တိုင်ပေါင်းများစွာ စိုက်ထူနိုင်ခဲ့။
သူ့ကောင်းသတင်းတွေ
အဝေးကနေ ကြားနေရသလို
သူ့ဆိုးသတင်းတွေလည်း
ကြားလာခဲ့ရ။
သူ့သားလေးတယောက်ရပြီးခါမှ
အိမ်ထောင်ရေးပြိုကွဲ
သားကွဲ မယားကွဲ အရက်စွဲ
ကျနော့် အဝေးက ပန်းချီကားလေး
အရောင်တွေ ဖျော့တော့ကြေကွဲ
ဒီလိုနဲ့
ပြန်ပြင်ရေးချိန်မရလိုက်ရှာတဲ့
ကျနော့်ရဲ့ အဝေးက ပန်းချီကား
သူ့ကင်းဘတ်စ်ပေါ်မှာ ရေးလိုက်တဲ့
ပလုံ ဆိုတဲ့ နောက်ဆုံးကဗျာလေးဟာ
၂၀၀၇ ဩဂတ်စ် ၅ မှာ
လူ့လောကထဲက နောက်ဆုံးထွက်ခွါဖို့
နိမိတ်ပုံပြ ရေးလိုက်လေရော့သလား
ကျနော့်ရဲ့ အဝေးက ပန်းချီကားရေ။ ။
“၂၀၀၉၊ ဇွန် ၁၅”
ရွှေဘုန်းလူ (သို့မဟုတ်) တာရာမင်းဝေနဲ့ နယ်စည်းမခြား ကဗျာများ - ထိုက်သူနိုင်
ပိတ်မသွားရသေးတဲ့
သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်ကလေးတွေ သားငယ်ဆွဲတော့
မေမေ … မျက်ရည်ဝဲရော့မယ်။
ရွှေဘုန်းလူ (မျှော် ကဗျာမှ)
စက်ဘီးတွေ စီးလာတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားတစု လမ်းဘေးမှာရပ်ပြီး ဒေါင်းအလံကို ရုတ်တရက် ဖြန့်လိုက်ကြတယ်။ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ၈၄ လမ်းပေါ်မှာ ညံသွားတယ်။ ခဏကြာတော့ စစ်ကားတွေ လုံထိန်းတွေ ရောက်လာတယ်။ လူစုမခွဲခင် သူငယ်ချင်းက ရွှေဘုန်းလူရဲ့ ကဗျာစာရွတ်လေး မမေ့ခင်ပေးလိုက်ဖို့ ပြောတယ်။ ၁၉၉၀ ခုနှစ် ဇူလိုင်လ၊ မန္တလေးမြို့ပြ၊ လူထုတိုက်ပွဲနဲ့ လမ်းမပေါ်က သူရဲကောင်းတွေ၊ ကျနော် အဲဒီ အဖြစ်အပျက်လေးကို အမှတ်တရ ရှိနေတတ်ပါတယ်။
ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့်ခယွန်းတဲ့
သွေးစွန်းနှင်းစက်တွေ … တို့ပြည်မှာ မှိုင်းမှိုင်းဝေရော့မယ်။
ရွှေဘုန်းလူ (ဥဒါန်း ကဗျာမှ)
လေတချက်တချက် တိုက်လိုက်တိုင်း လရောင်အောက်က ဝါးရွက်တွေ ကျနော့်လက်ပေါ်မှာ အရိပ်လာလာထိုးနေတယ်။ ဝါးဆစ်ကို ဖြတ်ထားတဲပ ရေနွေးကြမ်းခွက်တွေကို စီသိမ်းပြီး စစ်ပုခက်ပေါ်တက်အိပ်ဖို့ ကျနော် ပြင်ဆင်မိတယ်။ ညဉ့်နက်နေပြီလေ။ ခင်ဗျား ခုန ရွတ်ပြတဲ့ ရွှေဘုန်းလူရဲ့ ကဗျာလေး ချရေးထားရင် ကောင်းမယ်။ ကြာရင် မေ့သွားလိမ့်မယ် တဲ့။ လရိပ်ခြုံတဲ့ ရိုးမ၊ သောင်ရင်းရဲ့ စစ်ချီသီချင်းတွေ၊ သွေးနဲ့ရေးတဲ့ မှတ်တိုင်တွေ တခါတခါ ကျနော် သတိရမိတတ်တယ်။ ဆယ့်ငါးနှစ်ညဆယ်ခြောက်နှစ်တော့ ကြာခဲ့ပါပြီ။ ကဗျာနဲ့ကျစ်တဲ့ကြိုးတွေ ရိုးမကို တခါက ရစ်ပတ်ခဲ့ဖူးတယ်။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာကို
လက်ဖဝါးတွေနဲ့ ကာဖို့
ငါတို့ နေရစ်ခဲ့အုံးမယ်။
မင်းကိုနိုင် (၂၀၀၇ ခုနှစ် ဩဂတ်စ်လ၊ တာရာမင်းဝေရဲ့ စျာပနမှာရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေရဲ့ကိုယ်စား ရွတ်ဆိုတဲ့ ကြယ်ကြွေသတို့သား ကဗျာမှ)
ဒီဘက် ကမ္ဘာခေတ်ရဲ့
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်တဲ့။
ကိုအောင်ဒင်ရေ
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းပုံရိပ်တွေကို
ဆေးကြောသန့်စင်ဖို့
သူ့ကဗျာတွေကို ကျနော်တို့ ရွတ်ဖတ်ခဲ့ဖူးတယ်။
အိမ်မက်မရှိတဲ့ ညတွေထဲ
ပျောက်ဆုံးနေတဲ့ ညီအကိုတွေကိုရှာဖို့
သူ့ ကဗျာတွေကို
ကျနော် မီးထွန်းခဲ့ရဖူးတယ်။
အနှစ် ၂၀ ဗျာ …
ရင်ဘတ်ပေါ်မှာသာ အက္ခရာ မတင်ခဲ့ရင်
လေတိုက်စားလို့ လွင့်ပြီပေါ့။ ။
[ကိုရွှေဘုန်းလူ ကွယ်လွန်ခြင်း ၂နှစ်ပြည့်]
ထာဝရလင်းမယ့် တာရာသို့ - နွေဆူး လင်္ကာ
ခင်ဗျားရေးခဲ့တဲ့
သံသရာတေးသွားထဲကလို
ယမမင်းဆီမှာ နီကိုရဲနဲ့တွေ့ရဲ့လား?
ဒါပေမယ့် သေချာပါတယ်
ခင်ဗျားက ဘယ်သူ့ရဲ့ထိုင်ခုံကိုမှ
အတင်းအဓ္ဓမ မလုခဲ့ဘူးဆိုတော့
ကောင်းရာမွန်ရာကိုပဲ ရောက်ရမှာပေါ့ …။
ခင်ဗျားထားခဲ့တဲ့
ကျနော်တို့နေတဲ့နိုင်ငံက
ခင်ဗျား မမြင်လိုက်ရတဲ့
ရွှေဝါရောင်တော်လှန်ရေးအကြောင်း
ခင်ဗျားကို ပြောပြချင်လိုက်တာ။
အာဏာရူး ဖက်ဆစ်လက်သစ်တွေရဲ့
ရက်စက်မှုတွေ … ရိုင်းပျမှုတွေ …
အို … အကို ရွှေဘုန်းလူ
ကြုံတဲ့အခါ ခင်ဗျားရဲ့အိပ်မက်တွေနဲ့
မြင်းစီးထွက်ပြီး ကြည့်လှည့်ပါဦး။ ။
[ဆရာ တာရာမင်းဝေ သို့ အမှတ်တရ]
တာရာမင်းဝေ - စမ်းစမ်းတင်
လောကကို ခုံမင်
လောကကို ချစ်ခင်
လောကကို အလှဆင်
ခုံမင်ဆဲ ချစ်ခင်ဆဲ အလှဆင်ဆဲ
လောကက ဆုံးရှုံးသွား
တာရာမင်းဝေ
ကြယ်တပွင့်
ကြွေလင့်စောပေမယ့်
စာကောင်းကင်
အခင်းအကျင်းမှာ
တာရာမင်းဝေ
လင်းလက်လို့နေ
ကမ္ဘာမပျက်လေသရွေ့ …။ ။
ဆိုင်းသံ ဗုံသံမပါဘဲနဲ့
ခင်ဗျားထွက်သွားတဲ့နေ့က
မိုးတွေ ညို့နေလိုက်တာ …။
တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျား နေထိုင်ခဲ့တာပါ။
လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ
မိုးလိုခေါင်နေတဲ့ခေတ်မှာ
ခင်ဗျားတီးပြခဲ့တဲ့ ဗုံသံတွေက
အားမာန်အစစ် ဖြစ်စေခဲ့တယ်။
အလံမထူခဲ့တဲ့ လက်တွေနဲ့
ဘယ်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင်တွေကို
မပြောနိုင်တော့ပေမယ့်
မနက်ဖြန်မှာထားခဲ့တဲ့
ခင်ဗျားရဲ့မျက်နှာကို
အဆုံးမရှိအနာဂတ်များစွာတိုင်
လူနံပါတ် ၁၃ အဖြစ်နဲ့
မြင်ယောင်နေကြဦးမှာပါ …။